ကမ္ဘာပေါ်က
အလှဆုံးနေရာထဲမှာ တစ်ခုအပါအဝင်ဖြစ်တဲ့ စိတ်ကူးယဉ်ဆန်တဲ့ နေရာလေးကို
သွားကြည့်ရအောင်လားနော်။ အဲဒီနေရာလေးဟာ လှပလွန်းလို့ အိပ်မက်မက်နေသလား
ထင်ရလောက်အောင် သာယာလွန်း တဲ့ နေရာလေး တစ်ခုပါ။
ပုံထဲမှာ မြင်ရတဲ့
ရှုခင်းလှလှလေးကို ကြည့်ရှုခံစားရင်း ညစ်နွမ်း ပင်ပန်းနေတဲ့စိတ်တွေကို
ပြန်လည် လန်းဆန်း လာအောင် ကုစားပေးနိုင်တဲ့ နေရာလေးကတော့ Jade Mountain
Resort (ကျောက်စိမ်းတောင် အပန်းဖြေနားနေရာ) ဘဲဖြစ်ပါတယ်။ အဲဒီ နေရာဟာ
အခုမြင်ရတဲ့ ရှုခင်းလေးကို ခံစားကြည့်ရှုလို့ရအောင် တည်ဆောက် ထားတာကတော့
ကရစ်ဘီယံ ပင်လယ်အရှေ့ဘက်ထဲက စိန့်လူစီယာ ကျွန်းကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။
ဟိုတယ်ပိုင်ရှင် Nick Troubetzkoy ဟာ သဘာဝ အလှအပကို တန်ဖိုးထားပြီး အဲဒီ သဘာဝကိုဘဲ ကောင်းကောင်း အသုံးချနိုင်သူ ဖြစ်ပါတယ်။
Resort သို့ ဝင်ရောက်ရာ
မိမိတည်းခိုတဲ့ အခန်းကနေ ပြင်ပ သဘာဝပတ်ဝန်းကျင် ရှုခင်းကို အတားအဆီးမရှိ
မြင်တွေ့နိုင်အောင် ဖန်တီးထားပြီး အခန်းတိုင်းမှာ ရေကူးကန် ပါဝင်ပါတယ်။
မိမိတတ်နိုင်တဲ့ ငွေပမာဏ၊ မိမိလိုအပ်တဲ့ ရေကန်အကျယ်အဝန်းကို ရွေးချယ်ပြီး
စိတ်ကြိုက်အခန်းကို တည်းခိုနိုင်အောင် စီစဉ်ပေးထားပါတယ်။ အခန်းထဲမှာ
ပါဝင်တဲ့ ရေကူးကန်ဟာ အခန်းအနေအထားကိုလိုက်ပြီး ၃၇ ကနေ ၈၄စတုရန်း မီတာထိ
ကျယ်ဝန်းပါတယ်။ အဲဒီ Jade Mountain ဟိုတယ်မှာ တယ်လီဖုန်း၊ ရေဒီယို ၊
တီဗီတွေ လုံးဝ မရှိပါဘူး။ တကယ့်သဘာဝအလှကို သဘာဝကျကျ ခံစားနိုင်ဖို့အတွက်
ခေတ်ပေါ် အသုံးအဆောင်တွေကို ထည့်သွင်းမထားဘူးလို့ ဆိုပါတယ်။ အင်တာနက်ကိုတော့
Reception မှာ သုံးလို့ရပြီး ဧည့်သည်တွေ အထူးတောင်းဆိုရင်တော့ အခန်းထဲမှာ
သုံးနိုင်အောင် စီစဉ်ပေးပါတယ်တဲ့။
Jade Mountain ရဲ့ထူးခြားချက်ဟာ အခြားသော ဟိုတယ်များလို နံရံလေးဘက်ပိတ်
အခန်းမျိုး မဟုတ်ဘဲ ပင်လယ်ပြင်ဘက်ကို မျက်နှာမူထားတဲ့ အခန်းရဲ့
မျက်နှာစာတိုင်းမှာ မြင်ရတဲ့အတိုင်း ကြည်လင်သန့်စင်ပြီး လှပတဲ့
ရေကူးကန်သာရှိပြီး အခန်းမှနေ ကျယ်ဝန်းလှတဲ့ သဘာဝပတ်ဝန်းကျင်ကို လွတ်လပ်စွာ
ကြည့်ရှုနိုင်ဖို့ ထိုဘက်ခြမ်းကိုတော့ အကာအရံများ မရှိဘဲ ဆောက်လုပ်ထားတာ
ဖြစ်ပါတယ်။ အဲဒါကြောင့်မို့လည်း ပင်လယ်ကိုဖြတ်သန်း တိုက်ခတ်လာတဲ့
လေပြေညင်းရဲ့ ပွေ့ဖက်နွေးထွေးမှုကို အပြည့်အဝ ခံစားနိုင်မှာဖြစ်သလို၊
မျက်စိမဆုံးနိုင်အောင် တမျှော်တခေါ် ရှုမောမဆုံး မြင်တွေ့ရတဲ့ ကရစ်ဘီယံ
ပင်လယ်နဲ့ တောတောင် သဘာဝရဲ့ အလှကိုလည်း ရင်သပ်ရှုမော စိတ်နှလုံး
ချမ်းမြေ့စွာ ခံစားနိုင်မှာ ဖြစ်ပါတယ်။
ပုံမှာ မြင်တွေ့ရသလို သာယာလှပတဲ့ ရေကူးကန်မှာ ရေကူးရင်း ပင်လယ်ကြီးကို
အပေါ်စီးကနေ ကြည့်ရှုနိုင်မှာဖြစ်သလို ရှုခင်းလှလှတွေကိုလည်း
ခံစားနိုင်မှာဖြစ်ပါတယ်။
ပင်လယ်ကို ဆီးမြင်နေရတဲ့ စားသောက်ခန်းမ
လှပတဲ့ သဲသောင်ပြင် ဖြူလွလွ ကမ်းခြေမှာ အုန်းပင်တွေ ကိုကိုးပင်တွေ
စီရီလှပနေပြီးတော့ ကြင်စဦးဇနီး မောင်နှံတွေအတွက် ဟန်းနီးမွန်းထွက်ဖို့
အကောင်းဆုံး နေရာဖြစ်တယ်လို့လည်း ညွှန်းဆိုကြပါတယ်။ မင်္ဂလာပွဲများကိုလည်း
အခမ်းနားဆုံး ၊ စိတ်ကူးယဉ်အဆန်ဆုံးဖြစ်အောင်လည်း တာဝန်ယူ
ကျင်းပပေးနိုင်တယ်လို့ ဆိုပါတယ်။ ကမ်းစပ်က သဲသောင်ပြင်ပေါ်မှာ
စပါယ်ရှယ်ဒင်နာ စားချင်တယ် ဆိုရင်ဖြင့်လည်း ကရစ်ဘီယံ ဒေသထွက် အကောင်းဆုံး
အစားအစာများနဲ့ အတူ ဖယောင်းတိုင်မီးလေးနဲ့ ရိုမန်တစ်ဆန်ဆန်
စိတ်ကူးယဉ်ချင်စဖွယ် ဝန်ဆောင်မှုကို ပေးဦးမှာ ဖြစ်ပါတယ်။ ကရစ်ဘီယံ ပင်လယ်မှာ
ရေကူးချင်သူတွေ၊ ဒိုင်ဗင်ထိုးချင်သူတွေ၊ ရေငုပ်ပြီး ရေအောက်အလှအပကို
ခံစားလိုသူတွေ အတွက်လည်း အစီစဉ်များ ရှိပါတယ်။
ဧက ၆၀၀လောက် ကျယ်ဝန်းတဲ့ Jade Mountain Resort မှ တည်းခိုခ နှုန်းထား ကတော့
ဈေး သက်သက် သာသာတော့ မဟုတ်ပါဘူး။ တစ်ညကို ဒေါ်လာ ၉၅၀ကနေ ၂၇ဝဝ တန်အထိ
ရှိပါတယ်။ (ထီပေါက်ရင်တောင် သွားနိုင်ပါ့မလားမသိ) :P::P
ကမ္ဘာပေါ်က အလှဆုံးနေရာထဲမှာ တစ်ခု အပါအဝင်ဖြစ်ပြီး သဘာဝနဲ့ လူတွေရဲ့
ဖန်တီးမှုတို့ အဆင်ပြေပြေပေါင်းစပ်ထားပြီး စိတ်ကူးယဉ်ကမ္ဘာရယ်လို့
တင်စားကြတဲ့ ကရစ်ဘီယံ ပင်လယ်ထဲက အလှဆုံး နေရာလေးကို ကိုယ်တိုင်
မသွားနိုင်သေးပေမဲ့ ဓာတ်ပုံလေးတွေကြည့်ပြီး စိတ်ကူးယဉ်လို့ရအောင် ပုံတွေ
များများ တင်လိုက်ပါတယ်နော်။ အားလုံးဘဲ ပျော်ရွှင်ငြိမ်းချမ်းကြပါစေရှင်။