သူမနေသော
တိုက်ခန်းတွင် ၇ပေခန့်ရှည်ပြီး ၆ပေခန့်ကျယ်သည့်ပြူတင်းပေါက်များ ပါဝင်သည်။
ထိုပြူတင်းပေါက် များသည် မှန်ဖြင့်ပြုလုပ်ထားကာ
တစ်ဖက်ဖက်သို့တွန်းလိုက်ရသော လျှောတံခါးများ ဖြစ်ပြီး ခြင်လုံဆန်ကာကို
နောက်တစ်ထပ် ပြန်ကာရံထားလေသည်။ ခြင်ဆန်ကာပြီးလျှင်တော့ ခန်းဆီးစ
အပြာရောင်နုနုလေးကို တတ်ဆင်ထားပြန်သည်။ သူမသည် ရာသီဥတု သာယာသောနေ့များတွင်
တစ်အိမ်လုံးရှိ ပြူတင်းပေါက်များကို အကျယ်ဆုံး ဖွင့်လှစ်ထားတတ်ရာ
ဟိုးတောင်တန်း ပြာလွင်လွင်များကို ကျော်ဖြတ်ကာ တိုက်ခတ်လာသော
လေပြေလေညှင်းတို့က အိမ်နောက်ဖက် ပြူတင်းမှနေ၍ အမြဲမပြတ်
ဝင်ရောက်လို့နေတတ်သည်။ အိမ်ရှေ့ပြူတင်းဆီမှတော့ နေရောင်ခြည် ဝင်းဝါဝါတို့က
ဖြာကျ လင်းလဲ့လို့နေလေသည်။ သူမ နေသောအရပ်သည် တောင်တန်းများ
ပတ်ဝိုင်းကာထားသော အရပ်ဖြစ်သောကြောင့် ရာသီဥတုမှာ အေးမြစိုစွတ်နေတတ်သည်မို့
ပြူတင်းဆီမှဖြာကျလာသော နေရောင်ခြည်သည်လည်း ပူပြင်း၍ မနေဘဲ
နွေးနွေးထွေးထွေးဖြင့် ချစ်စဖွယ် ကောင်းနေတတ်ပြန်သည်။
သူမက ပြူတင်းပေါက်များကို နှစ်သက် စွဲမက်တတ်သူဖြစ်သည်။
ထို့ကြောင့်လည်း နေစရာအိမ်ရှာတိုင်း ပြူတင်းပေါက်
ကျယ်ကျယ်လွင့်လွင့်ရှိပြီး လေပြေလေညင်းများ ဝင်ရောက် တိုက်ခတ်နိုင်သော
အထပ်အမြင့် အဆောက်အဦးမျိုးကို ရွေးချယ်လေ့ရှိပါသည်။ ထို့ပြင်
ဘေးပတ်ဝန်းကျင်တွင် အဆောက်အဦး ခပ်နိမ့်နိမ့်သာ ရှိသည့်နေရာမျိုးလည်း
ဖြစ်ရမည်။ သို့မှသာ သူမနေသော အခန်းလေးဆီသို့ လေပြေလေညင်းများ အဆီးအတားမရှိ
ဝင်ရောက်နိုင်မည် ဖြစ်လေသည်။ အိမ်ရှေ့ပြူတင်းပေါက်သည်တော့ လမ်းမနှင့်
နီးသဖြင့် လမ်းပေါ်မှ ဆူဆူညံညံ ကားသံများကို ကြားရလေ့ရှိသဖြင့် သူမ
သဘောမကျပါ။ အိမ်တစ်အိမ်လုံးတွင် သူမ သဘောအကျဆုံး ပြူတင်းပေါက်မှာ
အိမ်နောက်ဖက် ပြုတင်းပေါက်ဖြစ်သည်။ ထို့ကြောင့်လည်း သူမနေဖို့အခန်းကိုတော့
လေဝင်လေထွက် ကောင်းသော ထိုပြူတင်းပေါက်ရှိသည့် အိမ်နောက်ဖက်ရှိ အခန်းကို
ရွေးချယ်ထားလေသည်။
ထိုပြူတင်းပေါက်အနီးတွင် သူမ အလုပ်လုပ်ရန် စားပွဲတစ်လုံးကို
ထားလိုက်ပြီး စားပွဲပေါ်တွင်တော့ အလုပ်အတွက် လိုအပ်သည့် ကွန်ပျုတာ ၊
တယ်လီဖုန်း ဖက်စ်၊ ပရင်တာ တွဲရက်ပါသည့် စက်တစ်လုံး၊ ဘောလ်ပင်ခဲတံထည့်ရန်
ခွက်လှလှလေးတစ်ခုနှင့် အရွက်ကလေးများ ဖားဖားလျားလျားဖြင့်
စိမ်းစိုလှပလှသည့် ပန်းအိုးလေးတစ်လုံးလည်း ရှိပါသည်။
အလုပ်အားလပ်ချိန်များတွင် စာတိုပေစများ ရေးရန်ဝါသနာပါသော သူမသည်
အင်တာနက်ပေါ်တွင်လည်း မတောက်တခေါက် စာရေးလေ့ရှိသည်။ ထို့ကြောင့် သူမအတွက်
အပန်းဖြေစရာ နောက်ထပ် အရာတစ်ခုမှာ စာရေးစာဖတ်ခြင်း ဖြစ်လေသည်။ ကွန်ပျူတာ
တင်ထားသည့် စားပွဲကို ထားဖို့နေရာ ရွေးချယ်သောအခါ ထွေထွေထူးထူး
စဉ်းစားစရာမလိုပါ။ ပြူတင်းပေါက်နှင့် အနီးဆုံးနေရာကိုသာ သူမက
ရွေးချယ်ပါသည်။
ထိုပြူတင်းပေါက်မှ ငေးမောကြည့်သည့် အခါတွင်လည်း သူမတို့
မြို့ကလေးကို ပတ်ဝိုင်းကာရံထားသည့် တောင်တန်းပြာပြာကြီးများကို
နွေဦးအခါများတွင် မှုန်ရီသီဝေစွာ၊ မိုးရာသီတွင်တော့ တိမ်မျှင်တိမ်ခိုးများ၊
တောင်ခိုး တောင်ငွေ့များ လွှမ်းပတ် ရစ်သိုင်းကာ၊ ဆောင်းရာသီတွင်
နှင်းမှုန်နှင်းစက်များ သိုင်းခြုံရီဝေစွာ ရှိနေတတ်ပြန်တာကိုလည်း သူမက
သဘောကျသူဖြစ်သည်။ တောင်တန်းကြီးတွေကတော့ ဘယ်အချိန် ဘယ်ရာသီဘဲဖြစ်ဖြစ်
လှလှပပ ခန့်ခန့်ထည်ထည် ရှိနေတတ်သည်ဘဲလေ။ တောင်တန်းပြာပြာကြီးနှင့်
သူမတို့မြို့ကလေးကြားတွင် စိမ်းလန်းသော လယ်ကွင်းများ၊ စိုက်ခင်းများ
ရှိလေသည်။ လယ်ကွင်းများ၊ ပန်းခင်းများ၊ သီးနှံစိုက်ခင်းများကို
ဖြတ်သန်းလာသောလေသည် တရံတခါတွင် လန်းဆန်းသော ကောင်ပင်ပျိုတို့၏
ရနံ့များကိုပင် သယ်ဆောင်လာတတ်သည်။ တခါတလေတွင် ပန်းခင်းများဆီမှ
မွှေးထုံသင်းပျံ့သော ပန်းရနံ့များကိုလည်း သယ်ဆောင်လာတတ်ပြန်သည်။
သူမ အလုပ်လုပ်နေစဉ်၊ သို့မဟုတ် စာရေးနေစဉ် ပြူတင်းပေါက်မှ
ဝင်ရောက်လာသော လေပြေကလေးများက သူမ၏ဆံနွယ်များ၊ အင်္ကျီစလေးများ၊ သူမ
မျက်နှာပြင်ပေါ်၊ သူမ လက်မောင်းသားလေးများကို ပွတ်သပ် ကျီစယ်နေတတ်သည်ကို
သဘောကျမိသည်။ အလုပ်လုပ်ရင်း ၊ စာရေးရင်း လက်ညောင်းလာသည်ဖြစ်စေ၊
စိတ်အာရုံများ ညောင်းညာလာလျှင်ဖြစ်စေ စာရေးနေသည်ကို ရပ်လိုက်ပြီး
ပြူတင်းပေါက်မှ မြင်နေရသော စိမ်းပြာပြာ မှိုင်းညို့ညို့ တောင်တန်းကြီးများ၊
စိမ်းစိုနုပျိုနေသော စိုက်ခင်းပြင်ကျယ်ကြီးများ၊ ရောင်စုံဖူးပွင့်ဝေဆာနေသော
ပန်းခင်းကြီးများ၊ နေဝင်ဆည်းဆာချိန်များတွင် အိပ်တန်းတက်ရန် အုပ်စုဖွဲ့
ပျံသန်းတတ်သော ငှက်အုပ်များ ကို ငေးမော၍ ကြည့်ရှုလိုက်လျှင်
သူမ၏နွမ်းနယ်နေသော စိတ်အာရုံများက အမြဲလိုလို ပြန်လည် လန်းဆန်းလာသည်သာ
ဖြစ်လေသည်။
သူမတို့အိမ်တွင် ဝရံတာ မပါရှိပါ။ ကျယ်ဝန်းသော ပြူတင်းပေါက်များသာ
ရှိပါသည်။ သစ်ပင်များကို ချစ်တတ်သော သူမက ရသည့်နေရာတွင် အပင်လေးများကို
စိုက်ပျိုးတတ်သြူုဖစ်သည်။ သူမတို့အိမ်၏ ပြူတင်းပေါက် အပြင်ဖက်တွင်တော့
တစ်ထွာခန့် ကျယ်ဝန်းသည့် အုတ်ဘောင် ရှိလေသည်။ အိုးကလေးများဖြင့်
အပင်များကို စိုက်ပျိုးပြီး ထိုဘောင် ကလေးပေါ်တွင် တင်ထားလေသည်။ မနက်တစ်ခါ
ညနေတစ်ခါ ရေဖြန်း ဗူးလေးဖြင့် စိတ်ရှည်လက်ရှည် ရေဖြန်းရင်း လေညင်းခံရတာကို၊
စာရေးရန် အကြောင်းအရာ စဉ်းစားရတာကိုက စိတ်ချမ်းသာဖို့ အကောင်းဆုံး
နည်းလမ်းတစ်ခုဟုလည်း သူမက ယူဆပြန်သေးသည်။ သူမစိုက်ထားသော အပင်ကလေးများမှာ
ပွင့်သည့်အပင်က ပွင့်ဖူးသည့်အပင်က ဖူးဖြင့် သူမ၏ ပြူတင်းပေါက်ကလေး လှပဖို့
တစ်တပ်တစ်အား ပါဝင်လို့နေသည်။ လမ်းမပေါ်က ကြည့်လိုက်လျှင်
ပန်းပင်လေးများဖြင့် လှပနေသော ပြူတင်းပေါက်များ ရှိသည့်အိမ်သည် သူမတို့
တစ်အိမ်တည်းသာ ဖြစ်လေသည်။ မိတ်ဆွေတစ်ချို့က သူမတို့ အိမ်ရှေ့ လမ်းမပေါ်မှ
အဖြတ်တွင် ပန်းအိုးလေးများရှိသော သူမတို့အိမ်ကို ဝေးဝေးကပင်
မြင်နိုင်လေသည်။ ထို့ကြောင့် သူမတို့အိမ် လာမည့်သူများကိုလည်း အထူးတလည်
ညွှန်းစရာမလိုပါ။ ပန်းအိုးလေးတွေရှိသော ပြူတင်းပေါက်နှင့်အိမ်ဆိုလျှင်
သိသွားကြသည်သာ ဖြစ်သည်။ သူမတို့အိမ်ကို အခြားအိမ်များနှင့် မတူ
ကွဲပြားစေသော ပြူတင်းပေါက် လေးများကို သူမ ချစ်သည်။
ပြူတင်းပေါက်လေး ဖွင့်ကြည့်လိုက်လျှင် လောက ပတ်ဝန်းကျင်၏
သဘာဝအလှများကို မြင်တွေ့နေရခြင်း၊ ငှက်ကလေးများ၏ တေးသီသံများကို
ကြားရခြင်းနှင့် လေပြေလေးများ၏ ကလူကျီစယ်ခြင်းကို ထိတွေ့ခံစားရခြင်းကိုလည်း
နှစ်သက်တတ်သည်။ ဘယ်လိုပင်ဖြစ်စေ သူမသည် ပြူတင်းပေါက်လေးများကို
ချစ်သူဖြစ်လေသည်။ သူမ၏အာရုံများကို လတ်ဆတ် လန်းဆန်း နုပျိုစေသော
ပြူတင်းပေါက် များကိုလည်း သူမက အာရုံပြူတင်းပေါက်လေးများဟု သူမဘာသာ သူမ
နာမည် ပေးထားမိသည်။ သူမသည် ထိုစားပွဲလေးတွင် သူမလုပ်စရာအလုပ်များကို
စိတ်အာရုံနှစ်မြုပ်ပြီး လုပ်လေ့ရှိသကဲ့သို့ အချိန်အားရသည့်အခါတိုင်း
ပြူတင်းပေါက်လေးနားရှိ ကွန်ပျူတာရှေ့တွင် ထိုင်ကာ စာရေးနေလေ့ရှိသည်။
ပြူတင်းဝမှ ဝင်ရောက်လာသော လေညင်းကလေးများ၊ မိုးနံ့ပါသော လေပြေများ၊
ပန်းရနံ့လေးများ ၊ ဝေးဝေးက မှိုင်းပြပြ တောင်တန်းများတို့က အလုပ်တွေကို
လျှင်လျှင်မြန်မြန်ပြီးစီးဖို့ တက်တက်ကြွကြွ လုပ်နိုင်ဖို့
တွန်းအားများဖြစ်သလို ဝါသနာပါရာ စာတွေ တစ်ပုဒ်ပြီး တစ်ပုဒ် ဆက်ရေးဖို့အတွက်
ခွန်အားများ ဖြစ်ခဲ့လေသည်။
သို့သော် သူမနှစ်သက်သော ပြူတင်းပေါက်လေးမှ မြင်တွေ့နေရသော
မြင်ကွင်းများ၊ အတားအဆီးမရှိ ဝင်ရောက်နေသော လေပြေလေညင်းများသည် ထာဝရ
ရှိနေလိမ့်မည်ဟု သူမထင်ခဲ့ခြင်းသည် မှားယွင်းခဲ့လေသည်။ ယခုနှစ်ဦးပိုင်းမှ
စကာ သူမတို့အိမ်နောက်ရှိ မြေကွက်လပ် ကျယ်ကျယ်တစ်ခုကို ဆောက်လုပ်ရေး
ကုမ္ပဏီတစ်ခုမှ ရောက်လာကာ ဆောက်လုပ်ရေးကိရိယာများ၊ လုပ်သားများ၊
အိမ်ဆောက်ပစ္စည်းများစွာ တဖြေးဖြေး လာရောက်နေရာ ချပြီးနောက်တွင် မြေညှိ၊
နေရာရှင်းစသည်တို့ကို အချိန်တိုတိုအတွင်း အမြန်ဆုံးပြီးစီးအောင်
လုပ်ကိုင်နေကြတာကို တွေ့ရသော်လည်း သူမသည် စိတ်ထဲတွင် မည်သို့မျှ မရှိခဲ့ပေ။
မြေပိုင်ရှင်များ အဆောက်အဦးတစ်ခုခု ဆောက်တော့မည် ဟုသာ တွေးထင်ခဲ့မိလေသည်။
သို့ရာအတွင် အချိန်နည်းနည်း ကုန်သွားလေ သူမ မျက်စိရှေ့တွင် အဆောက်အဦးတစ်ခု
ဖြေးဖြေးချင်း ပီပီပြင်ပြင်ဖြစ်လာချိန်တွင် တုန်လှုပ်ရတော့သည်။
ယခုမှ သတိထားမိသည်။ သူမတို့ အနီးအနား ပတ်ဝန်းကျင်အားလုံး ယခင်
ခပ်နိမ့်နိမ့် အိမ်ယာများ၊ မြေကွက်လပ်များမှာ အဆောက်အဦး အမြင့်များ
အသစ်ဆောက်လာကြပြီး အရင်က သူမတို့အခန်း ရှိသည့်တိုက်သာ
အမြင့်ဆုံးဖြစ်ခဲ့သော်လည်းယခုအခါတွင် ဘေးနားဝန်းကျင်များတွင် ထိုအဆောက်အဦး
အမြင့်များ ဖြစ်လာလေပြီ။ ထို့အတူ သူမချစ်သော ပြူတင်းပေါက်လေးရှိသည့်
နေရာမှ အဆောက်အဦးမှာလည်း တဖြေးဖြေး မြှင့်တက်လာနေပါပြီကော။ ဘယ်နှစ်ထပ်အထိ
ဆက်ပြီး ဆောက်ဦးမည် မသိသော်လည်း သူမ မြင်နေကျ မြင်ကွင်းများကို
ထိုအဆောက်အဦးက တဖြေးဖြေး ဖုံးကွယ်လာနေပြီ။ ထိုအခါမှ သူမ
အထိတ်တလန့်ဖြစ်ရလေတော့သည်။ ပြူတင်းပေါက်ကနေ မြင်နေရသော
တောင်တန်းပြာပြာကိုလည်း တစ်ဝက်တစ်ပြက်သာ တွေ့ရတော့ပြီး အိမ်တွင်းသို့
ဝင်လာနေကျ လေပြေ လေညှင်းများလည်း ရောက်မလာတော့ပေ။
တစ်နှစ်နီးပါးခန့် ကြာသောအခါတွင်တော့ ၁၀ထပ်တိုက်ကြီး
တစ်ခုပီပီပြင်ပြင် ဖြစ်လာပေပြီ။ ထိုအခါမှ အောက်ထပ်တွင် ဈေးဆိုင်ခန်းများ
အပေါ်ထပ်များတွင်၊ ရုံးခန်းများ ၊ လူနေတိုက်ခန်းများ အဖြစ် ဆောက်လုပ်ခြင်း
ဖြစ်ကြောင်း သိလာရလေသည်။ အင်မတန်မှ လှပသေသပ်ပြီး လက်ရာမြောက်သော
အဆောက်အဦးကြီး ဖြစ်သော်လည်း သူမအတွက်တော့ စိတ်ညစ်ညူးဖွယ် အဆောက်အဦးကြီး
အဖြစ်သာ မြင်မိလေသည်။ ထိုအဆောက်အဦး မြင့်မြင့် ကွယ်သွားသောကြောင့်
ပြူတင်းပေါက်လေးဆီမှလည်း လေပြေတို့မဝင်ရောက်နိုင်၊ သူမ အာရုံကို
လန်းဆန်းစေသော မြင်ကွင်းများကိုလည်း မမြင်ရ၊ တောင်တန်းပြာပြာကြီးကိုလည်း
မတွေ့ရသည့်အခါ သူမ နှစ်သက်ခဲ့သော ပြုတင်းပေါက်လေးကိုပင်
မုန်းတီးမိလာတော့သည်။
ကွန်ပျူတာရှေ့တွင်ထိုင်ကာ လုပ်နေကျ အလုပ်လုပ်ရသည်ပင် စိတ်မရွှင်မလန်း
ဖြစ်လာရပြီး စာရေးမည် ကြံလိုက်တိုင်းလည်း နောက်ကျိနေသော စိတ်အာရုံများက
မည်သည့် စာလုံးကိုမျှ ရေးချင်စိတ် မရှိတော့ပေ။ ဤသို့ဖြင့် သူမသည်
တဖြေးဖြေးနှင့် စိတ်တို တတ်လာသည်။ ရန်လိုတတ်လာသည်။ စာရေးလည်း ကျဲလာလေသည်။
ကွန်ပျူတာကို အခြားပြူတင်းပေါက်အနီးတွင် ရွေ့ရန် စိတ်ကူးမှာလည်း
လက်တွေ့တွင် အကျိုးထူးမည် မဟုတ်ပါ။ တစ်အိမ်လုံးတွင် ရှုခင်းအကောင်းဆုံး ၊
လေဝင်လေထွက် အကောင်းဆုံးနေရာမှာ ဒီပြူတင်းပေါက်လေးသာ ရှိသည်။
အခြားပြူုတင်းပေါက်တို့မှာ လမ်းမနှင့်နီးသည့်အတွက် ဆူဆူညံညံ ရှိလှပြီး
ထိုဖက်ခြမ်းတွင်လည်း တိုက်အမြင့်များက ကွယ်ထားသည်သာ ဖြစ်လေသည်။
သူမနေထိုင်ရာ ပတ်ဝန်းကျင်သည် အဆောက်အဦမြင့်မြင့်များ၊
ကောင်းမွန်သပ်ရပ်သော လမ်းမများ၊ ခမ်းနားထည်ဝါလှသော စူပါမားကက်များ၊
ကွန်ဒိုများဖြင့် ရုပ်ဝတ္ထုတို့မှာ တိုးတက်လာသော စိတ်နှလုံးကို
အာဟာရဖြစ်စေမည့် သဘာဝ ပတ်ဝန်းကျင်များ၊ ရေမြေတောတောင်များ၊
စိတ်အေးချမ်းဖွယ် စိမ်းလန်းသော သစ်ပင်များ၊ ရှုခင်းများကို မြင်တွေ့မှု
နည်းပါးလာနေပေပြီ။ အလုပ်ကို စိတ်နှလုံး ကြည်ကြည်လင်လင် လုပ်ရန် သို့မဟုတ်
စာရေးခြင်းကို စူးစိုက်စွာ လုပ်နိုင်ရန် မည်သို့မျှ စိတ်အာရုံများကို
စုစည်း၍ မရတော့သည့်အဆုံး သူမ အိမ်ပြောင်းရန် ဆုံးဖြတ် လိုက်တော့သည်။ သူမ
အိမ်ရှာရပါဦးမည်။
ပြူတင်းပေါက်များ ကျယ်ကျယ်ဝန်းဝန်းရှိပြီး တောင်တန်းပြာပြာများ၊
စိုက်ခင်းစမ်းစိမ်းများ၊ ပန်းခင်း လှလှများကို မြင်တွေ့ရပြီး
လေပြေလေညင်းများ ဝင်ရောက်နိုင်သော ပြူတင်းပေါက်များပါသည့်
အိမ်ခန်းတစ်နေရာကို သူမ ရှာဖွေရပါဦးမည်။ ပိတ်ဆို့ခံထားရသော
ပြူတင်းပေါက်များကို သူမ မလိုချင်ပါ၊ သူမ အတွေးများ၊ အာရုံများ
လွှင့်ပျံချင်တိုင်း ပျံခွင့်ရသော၊ လတ်ဆတ် လန်းဆန်းသော လေပြေများ
ဝင်ချင်တိုင်း ဝင်၍ရနိုင်သော၊ နှင်းငွေ့ခြုံသော တောင်တန်းများကို
မြင်တွေ့ခွင့်ရနိုင်သော၊ ပုဇွန်ဆီရောင် သမ်းသော ညနေခင်းများတွင်
အုပ်စုလိုက် အိပ်တန်းတက်သော ငှက်လေးများကို အမြဲမြင်နိုင်သော
ပြူတင်းပေါက်လေးများသည် သူမအာရုံများကို လွတ်လပ်ပွင့်လင်းစွာ
ဖွင့်လှစ်ပေးနိုင်သော အရာများ ဖြစ်သည် မဟုတ်ပါလား။
No comments:
Post a Comment