1.3.12

ဆောင်းရာသီ မယ်ဘွဲ့ ရတု (နတ်သျှင်နောင်)




နတ်လကျွန်း၊ ဆန်းကုံပြာသို၊ ပင်တိုင်းညိုမျှ၊ မြသို့ပျံ့မွှန်း၊ ထုံရည်သွန်းသို့၊ နတ်ပန်းခွံမြ၊ ပေါ်သည်လ၀ယ်၊ တရာ့တဆောင်း၊ ရုံးလှာပေါင်းလည်း၊ တူကြောင်းမရှည်၊ ချမ်းလှ၏ရှင့်၊ လွမ်းသည့်ဖြစ်ကို၊ သို့စင်ဆိုလည်း၊ ရွယ်ပျိုငြိမ့်လေး၊ မယ်နှင့်ဝေးခဲ့၊ အေးအေးငြိမ့်ငြိမ့်၊ စိမ့်စိမ့်ဆွတ်ဆွတ်၊ သေပြဘနန်း၊ မကျန်း မအီ၊ မြွက်ချီမဟ၊ ပျောင်းပျမရွှင်၊ မျိုးသခင်နှင့်၊ ရွှေရင်နွဲပိုက်၊ နှလုံးကြိုက်ဝယ်၊ ခါလိုက်ပတ်ချုပ်၊ မှိုင်းအုပ်ဆီးကြွေ၊ ချမ်းထွေထွေသည်။ ။ ဝေဘိသည်လည်း အိုဘဲ့နှင်း ။

ညွှတ်ခ၀န်း၊ နှုန်းနန်းပြိုင်ရည်၊ အပြည်ပြည်ဝယ်၊ စံတည်းဧက၊ ဟူသမျှလည်၊ ထိပ်စကြရုံး၊ မဥူကုံးသို့၊ သက်လုံးမပြောင်း၊ ကြင်ပေကောင်းစွ၊ မြညောင်းကေသျှင်၊ မလွတ်ခင်က၊ ရည်ထင်နေကြ၊ ကြိုက်သမျှဖြင့်၊ နှစ်, လတာရှည်၊ ကြိုးရမည်ကို၊ ဆံခြည်မြုသေး၊ မရှိဝေးခဲ့၊ ရေးသည့်ခြင်းရာ၊ ဆင်းပြင်လျာကို၊ စိတ်မှာသို့ပင်၊ စက်တိုင်းထင်ခဲ့၊ ခြောက်ခွင်နတ်ဘုံ၊ ရပ်လုံးချုံဝယ်၊ ငါးစုံအင်နှင့်၊ ဆင်တိုင်းသင့်။ ။ တင့်ဘိသည်လည်း ညိုလဲ့ဝင်း။

ဆွတ်မျှဖြန်း မကျန်းပျောင်းပျ၊ ဖြစ်ခြင်းတကို၊ မြွက်ဟလုံးချုံ၊ ဆိုမကုန်တည့်၊ အာရုံစိတ်ပြေး၊ ဆင်းငြိမ့်လေးဝယ်၊ နတ်ပေးတမှတ်၊ သက်လုံးညွှတ်၊ သည်းဆွတ်ကြိမ်ဖန်၊ ထိပ်ဦးဝှန်မျှ၊ လွမ်းဟန်မိန်းမူး၊ မပြေဘူးတည့်၊ ရူးမူးလျှံဝေ၊ ကြင်ထိုက်ပေသား၊ ဖြူတေဖြူဝင်း၊ ပြာလဲ့ရှင်းကို၊ နှုတ်ကင်းဘက်ရှောင်၊ သုံးရွှေဘောင်ဝယ်၊ လှခေါင်စံကျွန်း၊ လနှယ်ထွန်း။ ။ ရွှန်းဘိသည်လည်း ပျိုနွဲ့ရှင်း။

{ မြန်မာစာပေရဲ့ သိမ့်မွေ့ နတ်နဲ့မှု အဓိပ္ပါယ်လေးနတ်မှု ကို ခံစားရစေခြင်လို့ တင်ပေးလိုက်ပါတယ်။ ကျနော်လဲ ဒါမျိုး ရတုတွေ ရေးတတ်ချင်ပါတယ်။ ဒါပေမဲ့ ရေးနိုင်ဖို့နေနေသာသာ ဖတ်ရတာတောင် ချောအောင် မဖတ်နိုင်ဘူး အဟဲ လွယ်တော့မလွယ်ဘူး :P }

စာချစ်သူ

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009