1.3.12

မင်္ဂလာဆောင်ဖက်ရှင်

မင်္ဂလာပွဲအတွက် ကြိုတင်ပြင်ဆင်ရတဲ့ အရာတွေထဲမှာ ဖက်ရှင်ပိုင်းဆိုင်ရာလည်း တစ်ခုအပါအဝင် ဖြစ်ပါတယ်။ မင်္ဂလာပွဲ အတွက် ဘယ်သူမဆို အကောင်းဆုံး ဖြစ်လိုကြတာ ဓမ္မတာပဲ ဖြစ်ပါတယ်။

အဝတ်အစားကအစ လက်ဝတ်ရတနာအဆုံး ဘယ်လိုဖက်ရှင်ကျအောင် ပြင်ဆင်သင့် သလဲဆိုတာ ကျွမ်းကျင်သူ ပရော်ဖက်ရှင်နယ်တွေနဲ့ သက်ဆိုင်သလို ကိုယ်တိုင်ကိုယ်ကျသိထား၊ ပြင်ထားရင်လည်း မမှားတဲ့ သက်ဆိုင်မှု တစ်ခုပါ။ ပြင်ဆင်သင့်တဲ့ အရာတွေထဲမှာ ဖိနပ်လည်းပါပါတယ်။ ဖိနပ်အတွက် ကြိုတင် ပြင်ဆင်ထားပါ။ မင်္ဂလာပွဲမှာ ဖိနပ်အသစ်ကို စီးမယ်ဆိုရင် ဝတ်စုံနဲ့ လိုက်မလိုက်ရယ်၊ ခြေထောက်မနာ၊ မပေါက်အောင် ကြိုပြီးစီးထားပါ။

ဘော်ဒီအမျိုးအစားအလိုက် အဝတ်အစား ပြင်ဆင်ခြင်း

ကိုယ့်ရဲ့ ဘော်ဒီအမျိုးအစားကို ကိုယ်တိုင် သိထားဖို့ လိုအပ်ပါတယ်။ ပခုံးအကျယ်ထက် တင်သားအကျယ်က ပိုပြီး ကျယ်ရင် သစ်တော်သီး ဘော်ဒီအမျိုးအစား ဖြစ်ပါတယ်။ အပေါ်အောက် အချိုးအစား တပြေးညီ လေးထောင့်ပုံစံ ဖြစ်နေရင် စတုဂံရှိတ် ဖြစ်ပါတယ်။ တင်သားထက် ပခုံးအကျယ်က ပိုကျဉ်းနေရင် တြိဂံရှိတ် ဖြစ်ပါတယ်။ နောက်တစ်မျိုးက ခါးကျဉ်းပြီး အပေါ်၊ အောက်ကြီးတဲ့ သဲနာရီအမျိုးအစား ဖြစ်ပါတယ်။

ပန်းသီးရှိတ်ကတော့ အလယ်ပိုင်းပြည့်ပြီး ကျန်တဲ့ နေရာတွေသွယ်။ သေးတဲ့ဘော်ဒီ အမျိုးအစားဖြစ်ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ခန္ဓာကိုယ်အမျိုးအစားဟာ ဘယ်အထဲမှာ ပါတယ်ဆိုတာ အရင်ဆုံး သိအောင်လုပ်ဖို့ ကြိုးစားပါ။ ကိုယ့်ဘော်ဒီအမျိုးအစားသိမှ ဘော်ဒီအလိုက် လိုက်ဖက်ညီ လှပနိုင်ပေမယ့် အဝတ်အစားကို ရွေးချယ်လို့ရမှာ ဖြစ်ပါတယ်။ သစ်တော်သီးဆိုဒ်တွေကတော့ လည်ပင်းဟိုက်တာတွေ ဝတ်ရင် ကောင်းပါတယ်။ ပန်းသီးဘော်ဒီများအတွက် ဗွီရှိတ်လည်ပင်း ပုံစံဝတ်ပါ။

တြိဂံရှိတ်များအတွက် အောက်ပိုင်းဘော်ဒီကို တတ်နိုင်သမျှ သေးကျုံ့အောင် အမြင် မဖြစ်စေတဲ့ အဝတ်အစားတွေဝတ်ဖို့ လိုအပ်ပါတယ်။ အပေါ်ပိုင်းကို အရောင် တောက်တောက် ပစ္စည်းလေးတွေ ဆင်ပေးပါ။ ပိန်သူများအတွက် အဝတ်ထူထူ လိုဟာမျိုးတွေ ရွေးပါ။ လက်ပေါက်ကျယ်တဲ့ အဝတ်အစားမျိုးကို ရွေးပါ။ အိုဗာဆိုဒ်များ အတွက် ခါးအမြင့်တွေ ဝတ်ပေးပါ။

အရပ်ရှည်သူများအတွက် ခါးနေရာကို အောက်ချပြီး ဝတ်ပါ။ တခြားဖက်ရှင် ပစ္စည်းလေး တွေ ဆင်ပါ။ အရပ်ပုသူများအတွက်လည်ပင်း တအားမြင့်တဲ့ အဝတ်အစားတွေ မဝတ်ပါနဲ့။ လက်တိုတွေ၊ လက်ပြတ်တွေ ရှောင်ပါ။ ဝတ်စုံ အမျိုးမျိုး စမ်းဝတ်ကြည့်ပါ။ မတူညီတဲ့ ဒီဇိုင်းမျိုး စုံစမ်းကြည့်ရင်း ကိုယ်နဲ့ ထူးခြားလိုက်ဖက်တာတွေ တွေ့လာရပါလိမ့်မယ်။

လည်ပင်းအောက်ပိုင်းအတွက်လည်း ဝိုင်း၊ လည်ဟိုက်စသဖြင့် ဒီဇိုင်းရွေးတဲ့အခါမှာ ကိုယ့်မျက်နှာပုံစံ အနေအထားကို ကြည့်ပြီး ရွေးချယ်သင့်ပါတယ်။ မျက်နှာက လေးထောင့် ပုံစံဆိုရင် လည်ဝိုင်း၊ ဗွီရှိတ်လည်ပင်းပုံစံတွေဟာ အကောင်းဆုံးပါ။ မျက်နှာက ဝိုင်းရင် လေးထောင့်နဲ့ ဗွီရှိတ်လည်ပင်း ပုံစံတွေကို ဝတ်ပါ။ လည်ပင်းဖော်တဲ့ဟာ အရမ်းမြင့် တာတွေ မဝတ်ပါနဲ့။

မျက်နှာက ဘဲဥပုံစံဆိုရင် ကြိုက်တဲ့ အမျိုးအစားဝတ်လို့ ရပါတယ်။ မျက်နှာက ရှည်ရှည် မျှောမျှောဆိုရင် အဝိုင်းနဲ့ လေးထောင့်လည်ပင်း ဖော်ထားတဲ့ဟာတွေ ဝတ်ပါ။ မျက်နှာက မေးစေ့ချွန်ပြီး အပေါ်ပိုင်းကြီးနေတဲ့ဟာမျိုးဆိုရင် ကြိုက်တဲ့ ဒီဇိုင်း ရွေးချယ်နိုင်ပါတယ်။ မေးစေ့ကြီးပြီး နဖူးကျဉ်းနေရင် လည်ပင်းကျယ်ပြီး ဝိုင်းတဲ့ဟာမျိုးလေးတွေ ရွေးသင့် ပါတယ်။ ဗွီရှိတ်ရှောင်ပါ။

မင်္ဂလာပွဲအတွက် လက်ဝတ်ရတနာ ရွေးခြင်း

အရောင်ရွေးတဲ့ နေရာမှာ လက်ဝတ်ရတနာနဲ့ အရောင်နဲ့ မင်္ဂလာဝတ်စုံရဲ့ အရောင်တို့ဟာ လိုက်ဖက်မှု ရှိနေရပါမယ်။ အဖြူရောင်မင်္ဂလာဝတ်စုံဟာ ရွှေရောင်တို့နဲ့ လိုက်ပါတယ်။ ပုလဲ၊ ပလက်တီနမ်တို့နဲ့လည်း လိုက်ပါတယ်။

စိန်ဖြူရောင်မင်္ဂလာဝတ်စုံဟာ ရွှေနဲ့ ငွေတွဲပြီး ဆင်ရင်လိုက်ပါတယ်။ ဆင်စွယ်ရောင်လည်း ရွှေရောင်နဲ့ လိုက်ဖက်ပါတယ်။ လည်ဆွဲတို့ ဆင်တဲ့အခါမှာ သတိပြုရမယ့် တစ်ချက်က ဝတ်စုံဟာ လည်ဆွဲဝတ်လို့ မလိက်ဖက်ရင် မဝတ်တာ အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ တချို့ ဝတ်စုံတွေဟာ လည်ဆွဲဝတ်လို့ မလိုက်တာတွေ ရှိပါတယ်။

လည်ဆွဲဆင်တဲ့အခါ ကိုယ်ဝတ်မယ့် အဝတ်ရဲ့ လည်ပုံစံကို ကြည့်ပြီးတော့ သင့်တင့်သလို ဆင်ပေးပါ။ အထူးသဖြင့် မင်္ဂလာပွဲအခမ်းအနားရဲ့ အရောင်နဲ့ လိုက်ဖက်ဖို့ လိုပါတယ်။ အဝတ်အစားကို အသားပေးပြင်ထားရင် လက်ဝတ်လက်စားကို လျှော့ရပါမယ်။

အဝတ်အစားဒီဇိုင်းကို လျှော့ထားရင် လက်ဝတ်လက်စားကို များများ ဝတ်နိုင်ပါတယ်။ အနောက်တိုင်းမှာ ဆိုရိုးတစ်ခုရှိပါတယ်။ အယူသီးတာရယ်လို့တော့ မဟုတ်ပေမယ့် အခုအချိန်ထိ လိုက်နာနေကြတဲ့ ထုံးစံလေးဖြစ်ပါတယ်။ ဗဟုသုတအဖြစ် ဖော်ပြပေးပါမယ်။ Something Old, Somethin New, Something Borrowed, Something Blue ဖြစ်ပါတယ်။

လက်ဝတ်ရတနာဝတ်တဲ့အခါ မိဘ၊ဆွေမျိုးတို့ဆီက ရတဲ့အမွေ လက်ဝတ်လက်စားက အဟောင်းကို ဆိုလိုတာပါ။ အသစ်ကျတော့ ဝယ်တာ၊ ချေးငှားတာကတော့ ဆွေမျိုးတွေ ဆီကနေ ခဏငှားပြီး ဝတ်တာပါ။ အပြာကတော့ နီလာတို့လို၊ ဥဿဖယားတို့လို အပြာရောင် လက်ဝတ်လက်စားလေးတစ်ခု ဆင်မြန်းတာပါ။ အားလုံးဝတ်ပြီးရင် သာယာ ပျော်ရွှင်တဲ့ အိမ်ထောင်ရေး ဖြစ်လိမ့်မယ်လို့ အယူရှိကြပါတယ်။

No comments:

Post a Comment

 
Template by Spirit at Code Quirks.
Images by Marie Keiyou. ©2009